၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ၊ (၂၉)ရက်နေ့တွင် မြန်မာနိုင်ငံကြိမ်နှင့် ဝါးလုပ်ငန်းရှင်များအသင်းမှ နာယက ဦးကျော်သူ၊ ဉက္ကဌ ဉီးနေထွန်းမင်း၊ အလုပ်အမှုဆောင် ဦးတင်ထွန်းနီနှင့် အဖွဲ့ဝင်များ၊ Asia Craft Link-iNGO မှ Chairman Mr.Saito Shuichi ၊ ဒါရိုက်တာ ဒေါ်စုစုယဉ်နှင့် အဖွဲ့ဝင်များသည် (Bamboo Development Project) နှင့်ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်ရန်အတွက် သိပ္ပံနှင့်နည်း ပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန (DRI) သို့ လာရောက်၍ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပါသည်။ တွေ့ဆုံဆွေးနွေးပွဲသို့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်း၊ အမျိုးသားဓာတ်ခွဲခန်းမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းထွန်းမိုး၊ ဌာန အသီးသီးမှ ဌာနမှူးများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းမှ ဦးဆောင် ဆွေးနွေးခဲ့ပါသည်။ နိုင်ငံတကာဆက်ဆံရေးနှင့် နည်းပညာပူးပေါင်း ဆောင်ရွက်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာချိုချိုလွင်က သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဦးစီးဌာန (DRI)၏ သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အရည်အသွေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများ၊ သင်တန်းပို့ချနေမှုများ၊ ဝါးတန်းဖိုးမြှင့်ထုတ်ကုန်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု အကျဉ်းချုပ်အား ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ Asia Craft Link(ACL) မှ Chairman Mr.Saito Shuichi က ACL ၏ မြန်မာနိုင်ငံတွင် ဝါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ACL အနေဖြင့် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန နှင့်ပူးပေါင်း၍ ဝါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လိုသည့် လုပ်ငန်းအစီအစဉ်များအား ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ပေါ်လီမာ သုတေသန ဌာနမှ ဝါးတန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားမှုများအား ကြည့်ရှု လေ့လာခဲ့ကြပါသည်။
အမှတ် (၆) ကမ္ဘာအေးဘုရားလမ်း
စာတိုက်အမှတ် ၁၁၀၈၁
ရန်ကင်းမြို့နယ်
ရန်ကုန်