သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန က ကြီးမှူး၍ မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်ရေးအထူးရန်ပုံငွေ(၂၀၂၀)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် “မဲခေါင်ဒေသရှိ ဝါးဆန်းသစ်တီထွင်မှု ထုတ်ကုန်များဆိုင်ရာ စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်မှုသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ Melia Hotel ၌ ကျင်းပပါသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ Minister Counsellor Madam Li Xiao Yan၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်နှင့် နိုင်ငံတကာကြိမ်နှင့်ဝါးအဖွဲ့အစည်း (International Bamboo and Rattan Organization INBAR)မှ ညွှန်ကြားရေးမှူးချုပ် Mr. Ali Mchumo တို့က အဖွင့်အမှာ စကားပြောကြားကြပါသည်။
ထိုနောက် ပြည်ထောင်စုဝန်ကြီးသည် သုတေသနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနတွင် ဖွင့် လှစ်သည့် Training of Trainers on Bamboo Weaving Art သင်တန်းသို့ ရောက်ရှိပြီး သင်တန်းသား များ လက်တွေ့ဆောင်ရွက်နေခြင်းနှင့် Bamboo Architecture Demonstration Unit တည်ဆောက် ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုပါသည်။
သင်တန်းဖွင့်ပွဲသို့ ကမ္ဘောဒီးယားနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. CHHOUK Bunna၊ လာအိုနိုင်ငံသံရုံးမှ Deputy Chief of Mission Mr. Bounnhang KEOSAVANG ၊ တရုတ်နိုင်ငံသံရုံး၊ ထိုင်းနိုင်ငံသံရုံးနှင့် ဗီယက်နမ်နိုင်ငံသံရုံးတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာအကြီး အကဲများ၊ တရုတ်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်ပါမောက္ခများ၊ မြန်မာနိုင်ငံဝါးစိုက်ပျိုးရေးအသင်း၊ မြန်မာနိုင်ငံ ကြိမ်နှင့်ဝါးအသင်း၊ မြန်မာနိုင်ငံဝါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ တာဝန်ရှိ ပုဂ္ဂိုလ် များ၊ “ဝါးလက်မှုနည်းပညာဆရာ ဖြစ်သင်တန်း”၊ “မဲခေါင်ဒေသရှိ ဝါး ဆန်းသစ်တီထွင်မှု ထုတ်ကုန်များ ဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှုသင်တန်း” တို့မှ သင်တန်းသားများ တက်ရောက်ကြပါသည်။
“ဝါးလက်မှုနည်းပညာဆရာဖြစ်သင်တန်း” ကို တရုတ်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များက ဇန်နဝါရီလ (၂၄) ရက်မှ(၂၈)ရက်နေ့ အထိ အွန်လိုင်း(Virtual Mode) ဖြင့် သင်ကြားပေးမည်ဖြစ်ပြီး နှီးဖြာခြင်း၊ ဆေးဆိုးခြင်း၊ လက်မှုပစ္စည်းများ အနုစိတ်ဆောင်ရွက်ခြင်း တို့ကို စာတွေ့ လက်တွေ့ သင်ကြားပေးမည်ဖြစ်ပါသည်။
“မဲခေါင်ဒေသရှိ ဝါးဆန်းသစ်တီထွင်မှုထုတ်ကုန်များ ဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု သင်တန်း”တွင် ဝါးစက်မှုလုပ်ငန်းဆိုင်ရာ မူဝါဒနှင့် စဉ်ဆက် မပြတ်ရေရှည်ဖွံ့ဖြိုးတိုးတက်မှု၊ တီထွင် ဆန်းသစ်သော တန်ဖိုးမြှင့်ဝါးထုတ်ကုန်ပစ္စည်းများ ထုတ်လုပ် သည့်နည်းပညာများကို သင်ကြားပို့ချ ကြမည် ဖြစ်ပါသည်။
အဆိုပါစီမံကိန်းသည် မြန်မာနိုင်ငံအပါအဝင် မဲခေါင်ဒေသနိုင်ငံများအတွက် ဝါးစက်မှု လုပ်ငန်း များ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေခြင်း၊ သုတေသနလုပ်ငန်းများ၊ ဆန်းသစ် တီထွင်သော တန်ဖိုးမြှင့်ထုတ်လုပ်သည့် နည်းပညာများကို အငယ်စား၊ အသေးစားနှင့် အလတ်စား စက်မှု လုပ်ငန်းရှင်များအား ပံ့ပိုးကူညီပေး ခြင်း၊ တန်ဖိုးမြှင့်ဝါးထုတ်ကုန်ပစ္စည်းများကို နိုင်ငံတကာ ဈေးကွက်တွင် ယှဉ်ပြိုင်ရောင်းချနိုင်ခြင်းဖြင့် နိုင်ငံအချင်းချင်းပူးပေါင်းဆောင်ရွက်မှုများ ပိုမို အားကောင်း လာနိုင်မည်ဖြစ်ပါသည်။ (သတင်းစဉ်)
==========
အမှတ် (၆) ကမ္ဘာအေးဘုရားလမ်း
စာတိုက်အမှတ် ၁၁၀၈၁
ရန်ကင်းမြို့နယ်
ရန်ကုန်